ပန်းတနော် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ လတ်တလော ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့ပေါ် ရပ်ကွက်ရှိနေအိမ်များသို့ လိုက်လံပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ မြို့ပေါ်ရပ်ကွက်ရှိ မသန်စွမ်းသူများအား တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀) နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပန်းတနော် မြို့နယ်အတွင်း ကျေးရွာများရှိ မသန်စွမ်းသူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြော သည်။
ပန်းတနော်မြို့နယ်တွင် ရပ်ကွက် (၄)ခုနှင့် ကျေးရွာအုပ်စု (၅၂)အုပ်စုရှိပြီး မသန်စွမ်းသူ(၅၃၇)ဦး အား တစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀,၀၀၀) ကျပ် နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၆,၁၁၀,၀၀၀) အား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)