ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်

ငါးသိုင်းချောင်း မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေ၊ မြို့ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးမောင်မောင်အေး၊ သင်တန်းနည်းပြအဖြစ် ရေကြည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးခင်မောင်သန်းတို့က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ မြို့ဌာနဆိုင်ရာများ၊ မြို့ကြက်ခြေနီအသင်းခွဲငယ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ စုံညီစွာတက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်၏ ဦးဆောင်မှုဖြင့် ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးဌာန၊ ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ လူထု အခြေပြုဗဟိုဌာန၌ ပူးပေါင်းစီစဉ်ဖွင့်လှစ်ခဲ့ပြီး အခြေခံရှေးဦးပြုစုနည်းများကို မေလ (၁၆) ရက် နေ့မှ (၁၈)ရက်နေ့အထိ သင်တန်းကာလ (၃)ရက်၌ နေ့စဉ်သင်တန်းချိန်(၆)နာရီကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ရာ ဒေသခံကျောင်းသား၊ ကျောင်းသူ သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ ဒေသခံ‌ကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့် မိမိနှင့်မိမိပတ်ဝန်းကျင်တွင် ရှောင်တခင်ဖြစ်ပေါ်လာနိုင်သော ထိခိုက်ဒဏ်ရာရရှိမှု၊ ကျန်းမာရေးအခြေအနေ ထိခိုက်မှုများ၌ ရှေးဦးပြုစုနည်းများဖြင့် စနစ်တကျ ကူညီ ဆောင်ရွက်ပေးနိုင်ရန်၊ ရှေးဦးပြုစုခြင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လူမှုကူညီရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီ အကျိုးပြုဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့ပြန်/ဆက်ဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)