အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-8) ဆင့်ပွားသင်တန်းဖွင့်လှစ်

အိမ်မဲ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-8) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ မြောင်းမြခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးကျော်နိုင်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းတို့က သင်တန်းဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-8) ဆင့်ပွားသင်တန်းတွင် သင်တန်းသား/သူ ၅၂၉ ဦး၊ နည်းပြ ၄၂ ဦး၊ ကြီးကြပ် ၂ ဦးတို့ဖြင့် မေလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ သုံးရက်ကြာ အ.ထ.က(၂) ကျောင်းစာသင်ခန်း ၂၁ ခန်းတွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ/ ကာယပညာရပ် စသည့်(၇)ဘာသာကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)