မြန်အောင် မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌ ဦးနေဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ သင်တန်းထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ပြန်ဆက် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး အသင်းခွဲဥက္ကဋ္ဌက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်အောင်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေလတ်က သင်တန်းသားများအတွက် သင်တန်းအမှတ်တရ အင်္ကျီများ ပေးအပ်လှူဒါန်းရာ သင်တန်းသူတစ်ဦးက လက်ခံရယူသည်။
ထို့နောက်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက သင်တန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ သင်တန်းကို လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုး ရှိစွာအသုံးချနိုင်စေရန်၊ မွန်မြတ်သော စေတနာ့ဝန်ထမ်းကြက်ခြေနီ လူမှုကူညီရေးလုပ်ငန်းစဉ်များနှင့် လူမှုကရုဏာ လုပ်ငန်းစဉ်များကို လူငယ်ထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ ပြည်သူလူထုအတွင်း သိရှိနိုင်ရေး၊ ကူညီကယ်ဆယ် စောင့်ရှောက်နိုင်ရေးနှင့် ရှေးဦးပြုစုခြင်း အတတ်ပညာ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးတိုးတက်ရေးကဏ္ဍ တစ်ရပ် အနေဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းဇော်ထွန်း(ပြန်ဆက်)