ပြည် မေ ၁၆
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ (ဆုံစည်းရာ) စာဖတ်ဝိုင်းအဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သော စာဖတ်ဝိုင်းကို ခရိုင်ပြန် / ဆက်ရုံး လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် “ သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ ၁၉၁၉... ၁၉၉၅... ၂၀၁၉ ” စာအုပ်မှ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ အမှတ်တရ လွမ်းစရာ့ သော်တာဆွေ ” ခေါင်းစဉ်ပါ သုတ / ရသ စာပေရေးရာ အကြောင်းအရာများကို ဆုံစည်းရာစာဖတ်ဝိုင်း အဖွဲ့ဝင် စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် ပြန် / ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက အပြန်အလှန်နှီးနှောဖလှယ် ဖတ်ကြားဆွေးနွေး ခဲ့ကြသည်။
ယင်းစာဖတ်ဝိုင်း အခမ်းအနားတွင် ပြည်မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ယဉ်ဝေလွင် (ယဉ်ဝေလွင်-ပြည်)၊ ဦးမြရွှေ (သတင်းထောက်မြရွှေ-ပြည်) မိသားစုနှင့် စာရေးဆရာ မောင်မောင်ကြည်သန့်တို့က ဆုံစည်းရာစာဖတ်ဝိုင်းအတွက် စာပေရေးရာ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုဖြစ်ရန် လှူဒါန်းသည့် အလှူငွေပေးအပ်ပွဲ ပူးတွဲကျင်းပခဲ့ပြီး အလှူရှင်များ ကိုယ်စားသက်ဆိုင်ရာပုဂ္ဂိုလ်များက ဆုံစည်းရာစာဖတ်ဝိုင်း နာယကများထံ စုစုပေါင်းအလှူငွေကျပ် (နှစ်သိန်းသုံးသောင်း) ပေးအပ်လှူဒါန်းခဲ့ရာ ဆုံစည်းရာအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)