ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများပြုစုနိုင်ရေးအတွက် နိုင်-၄ မှတ်တမ်းရေးသွင်းနေမှုကို မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယတိုင်းမှူး ကြည့်ရှုစစ်ဆေး

ငဖဲ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြုစုနိုင်ရေးအတွက် e-ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းနေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယတိုင်းမှူး ဦးညီညီဇော်၊ မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးဦးပွားမောင်က နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းနေမှုကို မေလ ၁ ရက်နေ့မှ စတင်၍ ဌာနဆိုင်ရာဝန်ထမ်းများ (၁၆)ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာရင်းရေးသွင်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယတိုင်းမှူး ဦးညီညီဇော်က စာရင်းများ မှတ်တမ်းဖြည့်စွက်ခြင်းနှင့် မြေပြင်လူဦးရေစာရင်းများ ရေးသွင်းမှုတွင် အမှားအယွင်းမဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့၏ e-ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းနှင့် Software အတွင်း ထည့်သွင်းမှုတွင် Excel Formatဖြင့် ရိုက်သွင်းရမည့် အရေအတွက်မှာ လူဦးရေ(၅၄၅၅၉)ဦးဖြစ်ရာ မေလ ၁၅ ရက်နေ့အထိ (၁၉၅၀၀)ဦး ထည့်သွင်းပြီး ပြီးစီးမှုရာခိုင်နှုန်းမှာ (၃၅.၇၄)ရာခိုင်နှုန်းနှင့် Software အတွင်း ထည့်သွင်းပြီးအရေအတွက်မှာ လူဦးရေ (၁၅၀၀၀)ဖြစ်၍ ပြီးစီးမှုရာခိုင်နှုန်းမှာ (၂၇.၄၉)ရာခိုင်နှုန်း ထည့်သွင်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မယု (ငဖဲ)