သရက်ခရိုင်၊ မင်းလှမြို့တွင် အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြင်းများ ဆောင်ရွက်

အထက်မင်းလှ စက်တင်ဘာ ၄

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၂  လမှ  ၁  နှစ်ခွဲအထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် မိခင်များအား  ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၈)နာရီက တောင်ရပ်ကွက်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဇင်မာဝင်းနှင့်သားဖွားဆရာမများက  အသက် ၂ လမှ ၁ နှစ်ခွဲအထိကလေးငယ်များအား အသက်အရွယ်အလိုက်   ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါဘီ၊ ဦးနှောက်အ‌မှေးရောင်၊ (ငါးမျိုးစပ်ကာကွယ်ဆေး) ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်‌ဆေးများ ထိုးနှံတိုက်‌ကျွေးခဲ့ပြီး၊ ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။   

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏လမ်းညွှန်ချက်များနှင့်အညီ ကလေးငယ်များနှင့်မိခင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရန်၊ လူစုလူဝေးမဖြစ်စေရန်အတွက် ရပ်ကွက်အလိုက် အလှည့်ကျ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇာဇာ(အထက်မင်းလှ)