ဖားဆောင်း မေ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံရှေးဦးသူနာပြုစုနည်း အတတ်ပညာကို လေ့လာတတ်မြောက်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်( ၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဆရာဦးအောင်မျိုးသွင်(တပ်ဖွဲ့မှူး)မှ ကြက်ခြေနီအသင်း၏ဆောင်ရွက်သည့် မူ(၇)ချက်၊ အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ အသင်း၏ မျှော်မှန်းချက်နှင့် လုပ်ဆောင်ချက်များနှင့် ကြက်ခြေနီအသင်း ဖွဲ့စည်းခဲ့သည့် သမိုင်းကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ် စုစုပေါင်း ၂၀ ဦး တက်ရောက်ပြီး အခြေခံရှေးဦးပြုစုခြင်းဆိုင်ရာ ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ မေ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)