ချောင်းသာမြို့အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ချောင်းသာ မေ ၁၅

ချောင်းသာမြို့အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေနှင့် သီလရှင်များတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီ ၃၀ မိနစ်အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များထံမှ ဌာနဆိုင်ရာဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ နှင့် လှူဖွယ်ပစ္စည်းတို့ကို မြို့အုပ်ချုပ်ရေးမှူးဦးသီဟအောင်နှင့် ဌာနဆိုင်ရာအဖွဲ့များက ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ချောင်းသာမြို့ရှိ ကျောင်းတိုက်အသီးသီးတွင် ဝါဆို၊ ဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေနှင့်သီလရှင်တို့ ဝါတွင်းကာလဆွမ်းအခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်တော်(၂၂) အိတ်၊ ဆီ(၃၂)ပိဿာ၊ ဆား(၇၅)ပိဿာနှင့် ပဲ(၃၂)ပိဿာတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)