ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၁၃၅၇၄၃ ဦးနှင့်  ဒုတိယ အကြိမ် ထိုးနှံပြီးသူ ၈၈၃၈၉ ဦး ရှိပြီဖြစ်

ပွင့်ဖြူ မေ ၁၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒေသခံပြည်သူများ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နေ့စဉ်ဆေးထိုးအဖွဲ့များခွဲ၍ ထိုးနှံပေးလျက်ရှိရာ မေ ၁၃ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၁၃၅၇၄၃ ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ ၈၈၃၈၉ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်၍ ဆေးထိုးစုရပ်များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာရှိ နိဗ္ဗာန်(တ)ဘုန်းတော်ကြီးကျောင်း၊ ကုန်းဇောင်း ကျေးရွာတိုက်နယ်ဆေးရုံ ၊ မဲဇလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့ အပါအဝင် ဆေးထိုး အဖွဲ့(၉)ဖွဲ့ခွဲပြီး ကျေးရွာများအရောက် ကွင်းဆင်းပြီး ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်တွင် တစ်မြို့နယ်လုံး ဆေးထိုးနှံရန် အကျုံးဝင်သူ လျာထားဦးရေ စုစုပေါင်း ၁၃၅၄၂၂ ဦးရှိရာ မေ ၁၃ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၁၃၅၇၄၃ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၈၈၃၈၉ ဦးရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းအား တစ်မြို့နယ်လုံး ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝလွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက်မဖြစ်မနေ ထိုးနှံနိုင်ရေးနယ်မြေအလိုက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။                                                                                                                                   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )