ဒေးဒရဲ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများစုပေါင်း၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များ ကိုဗစ်-၁၉ ရောဂါအခက်အခဲများကြောင့် ဆွမ်းကိစ္စဖြင့်ကြောင့်ကြ ပင်ပန်းမှုမရှိစေဘဲ ဂန္တဓုရ၊ ဝိပဿနာဓုရ သာသနာ့တာဝန်နှစ်ရပ်တို့ကို စိတ်ချမ်းမြေ့စွာ ကြိုးပမ်း ထမ်းဆောင်တော်မူနိုင်ကြစေရေးရည်ရွယ်၍ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂) နာရီခွဲက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး၊ တော်တနီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္တိမာထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းခြင်းကို ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၇၄)ကျောင်းရှိ ရဟန်းတော် (၁၀၅၅)ပါး၊ သာမဏေ(၄၈၁)ပါး၊ စုစုပေါင်း(၁၅၃၆)ပါးနှင့် သီလရှင်(၄၆)ပါး အတွက်ငွေကျပ်(၁၅၈၂၀၀၀၀) တန်ဖိုးရှိ ဆွမ်းဆန်တော်(၂၆၃)အိတ်၊ ဆီ(၇၉၁)ပိဿာ၊ ဆား (၇၉၁)ပိဿာနှင့်ပဲ(၇၉၁)ပိဿာတို့ကို ရေစက်သွန်းချလှူဒါန်းခဲ့ကြောင်း သိရသည်။
အေဇာလင်း