မြိတ် မေ ၁၄
၁၃၈၄ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ နေ့လည်(၂)နာရီက စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပခဲ့သည်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓရှင်တော်မြတ်အလောင်းလျာ ဗျာဒိတ်ခံယူတော်မူသောနေ့၊ ဘုရားဖြစ်သည့် မစ္ဆိမဘဝတွင် ဖွားမြင်တော်မူရာနေ့၊ ဘုရားဖြစ်တော်မူသည့်နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူ ရာနေ့ စသည်အားဖြင့် နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ထူးခြားချက်ကြီး(၄)ချက်အား အလေး အမြတ်ပြုသောအားဖြင့် ဗုဒ္ဓနေ့အခမ်းအနားကို အခါတော်နေ့များ ကျင်းပရေးအစီအစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားကို ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿဗုဒ္ဓပဏာမဖြင့် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး သိမ်တော်ကြီး ဥပါသကာအဖွဲ့မှဦးဆောင်၍ ဓမ္မစကြာအဖွဲ့များမှ ဗုဒ္ဓနေ့၏ ထူးခြားချက်ကြီး (၄) ချက်ကို ချီးကျူးပူဇော်သည့်ရှစ်လုံးဘွဲ့မင်္ဂလာကဗျာများ စုပေါင်းရွတ်ဆိုပူဇော်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တလာသန လှည်းဘီးကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလ ကန်သာကျောင်းတိုက်ဆရာတော်ထံမှ ဗုဒ္ဓနေ့ ဒေသနာတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဆရာတော် သံဃာတော်များအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ကန်သာကျောင်းတိုက်ဆရာတော်ထံမှ လှူဒါန်းမှု အစုစုနှင့် ကောင်းမှုကုသိုလ်များအား ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓနေ့အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သာသနာ့အဓိဋ္ဌာန် (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)