အထက်မင်းလှ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ် ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီက ရွာသစ်ကျေးရွာတွင် တောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာပွင့်မြတ်နိုးသိမ့်နှင့်ဝန်ထမ်းများက ကျေးရွာနေပြည်သူများမွေးမြူထားသည့်ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး၊ ကျွဲနွားများတွင်ဖြစ်ပေါ်တတ်သည့် ရောဂါများအကြောင်း၊ တိရိစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများအကြောင်းနှင့် ရောဂါ လက္ခဏာများတွ့ရှိပါက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ အသိပေး အကြောင်းကြားရန် တို့ကို အသိပညာပေးပြောကြားခဲ့သည်။
အဆိုပါ ကျွဲ၊နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကျေးရွာများတွင်လည်းကာကွယ် ဆေးများ ကွင်းဆင်းထိုးနှံပေးမည်ဖြစ်ကြောင်း မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)