ငပုတော မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်သူများက ငပုတောမြို့နယ်အတွင်း သီတင်း သုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေ (၂)နာရီ အချိန်ခန့်တွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဇနီးဒေါ်နီလာထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင် ရာဌာန အသီးသီးမှ တာဝန်ရှိသူများ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနား ကို နမောတသ သုံးကြိမ် ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီး မြို့နယ်သံဃာ နာယကအဖွဲ့ ဒုဥက္ကဋ္ဌ ဘဒ္ဒန္တ ဝဏ္ဏသာမိထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြပြီး လျှင်သံဃာတော်များရွတ်ဖတ် သရဇ္ဇာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပါသည်။ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူမှ သာသနာရေးရာ အဖြာဖြာတို့ကို တင်ပြလျှောက်ထားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်လှူဒါန်းဖွယ်ရာ အဖြာဖြာနှင့်ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ များ ကို ဆပ်ကပ်လှူဒါန်းကြပြီးလျှင်လှူဒါန်းမှူ အစုစုတို့အတွက် အနုမောဓနာတရားနာကြား၍ ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။ထို့နောက် ကြွရောက်လာကြကုန်သော သံဃာတော် အရှင်သူမြတ်တို့နှင့် ဧည့်ပရိတ်သတ်တို့က အခမ်းအနားကိုဗုဒ္ဒ သာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့နှင့် ပြည်သူများက ငပုတောမြို့နယ်အတွင်း သီတင်းသုံးတော်မူကြကုန်သော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်(၁၇၃)အိတ်၊ ဆီ(၅၁၈) ပိသာ၊ ဆား(၅၁၈)ပိသာ၊ ပဲ(၅၁၈)ပိသာ၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၂၇၅၈၇၅၀) (တစ်ရာနှစ်ဆယ့်ခုနှစ်သိန်း ငါးသောင်း ရှစ်ထောင် ခုနှစ်ရာ၊ ငါးဆယ်ကျပ် တိတိ)အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ဦးအောင်သူ (ငပုတောပြန်/ဆက် )