မော်လမြိုင်ကျွန်းမြို့နယ်အတွင်းသီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မော်လမြိုင်ကျွန်း မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍ မြို့နယ်အတွင်း သီတင်း သုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားအား နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘန္တဒ္ဒဇောတိကထံမှ ငါးပါးသီလဆောက်တည်ခံယူကာ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က သာသနာ တော်ဆိုင်ရာများလျောက်ထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများမှလှူဒါန်းသော ဆွမ်းဆန်တော် (၃၇၄) အိတ်၊ ဆီ (၁၁၂၁) ပိဿာ၊ ဆား (၃၇၇)ပိဿာ၊ ပဲ (၁၁၂၁) ပိဿာ စုစုပေါင်းတန်ဘိုးငွေ (၂၁၆၁၀၀၀၀) ကျပ် တန်ဖိုးရှိသော လှူဖွယ်ဝတ္ထုအစုစုတို့အား သံဃာတော်အရှင်သူမြတ်တို့အားဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ အနုမောတရားနာကြား၍ ရေစက် သွန်းချအမျှအတန်းပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)