ကြာအင်းဆိပ်ကြီးမြို့၌ ကွမ်းသီးအနုသီးများ အဝယ်လိုက်၍ ဈေးကောင်းရရှိပြီး ကွမ်းသီးခြံရှင်တောင်သူများအဆင်ပြေ

ကြာအင်းဆိပ်ကြီး မေ ၁၅

နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီးပင်သည် ဧပြီလနှင့် မေလအတွင်း၌ စတင်အပွင့်ပွင့်ပြီး အသီးကင်းနုများစတင်ထွက်လေ့ရှိပြီး ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူခြင်းနှင့် ကြွေကျအသီးများအားလိုက်လံကောက်ယူပြီး ရောင်းဝယ်ခြင်းများရှိခဲ့သော်လည်း ယခုနှစ်များတွင် ကွမ်းသီးအကင်းအနုများ လိုက်လံဝယ်ယူမှုများရှိခဲ့ပြီး ဈေးကောင်းရရှိပြီး ကွမ်းသီးခြံရှင် ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကွမ်းသီးပင်သည် ရာသီဥတု သဘာဝတောတောင် ရေခံမြေခံအခြေအနေများအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီးနှစ်စဉ် ကွမ်းသီးပင်စိုက်ပျိုးမှု တိုးပွားလာလျက်ရှိပြီး မြို့နယ်အတွင်း၌ ကွမ်းသီးပင်စိုက်ပျိုး ဧကပေါင်း(၁၅၀၀၀) ဧကကျော်ခန့်ရှိကြောင်းသိရသည်။

ယခုမေလအတွင်း၌ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကွမ်းသီးအကင်းအနုများအား ရောင်းဝယ်သူ ကုန်သည်များမှလာရောက်ဝယ်ယူလျက်ရှိပြီး ကွမ်းသီးအနုတစ်လုံးလျှင် ငွေကျပ် (၄၀)ကျပ်မှ (၅၀)ကျပ်အထိ ဈေးနှုန်းရရှိကာ ဒေသခံခြံရှင်တောင်သူများမှာ ကွမ်းသီးအနုများ ခူးယူရောင်းချခြင်းဖြင့် ဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး