ထားဝယ် မေ ၁၄
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ယနေ့တွင် ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်တွင် ယနေ့ နံနက် ၈ နာရီက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လောကမာရဇိန်ဘုရားကြီးအတွင်း တည်ထားကိုးကွယ်သော ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ် အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်တို့က ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုပြီး ဘုရားကြီးဂေါပက အဖွဲ့ထံသို့ အလှူငွေ(၁၀)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို မဟာဗောဓိညောင်ပင်၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး သာသာနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်းဝင်းက နတ်ပင့်ဂါထာဖြင့် နတ်ဒေဝါများကို ပင့်ဆောင်ပြီး အခမ်းအနားမှူးက မဟာဗောဓိဒုမေနာထောဂါထာ ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးဝင်းဇော်က ကဆုန်လပြည့်(ဗုဒ္ဓနေ့) အကြောင်း စာတမ်းနှင့် မဟာဗောဓိပရိဘောဂစေတီမြတ်အား ညောင်ရေသွန်းလောင်းပူဇော် ဆပ်ကပ်သည့် ဂါထာအား ဖတ်ကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက မဟာဗောဓိ ညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပြီး တာဝန်ရှိသူတစ်ဦးက နတ်ပို့ဂါထာဖြင့် နတ်ဒေဝါ များကို ပြန်လည်ပို့ဆောင်ပြီး တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ဒေသခံပြည်သူများက မဟာဗောဓိညောင်ပင်အား ပျှော်ရွှင်အေးချမ်းစွာဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြပြီး ညောင်ရေသွန်းလောင်း ပါဝင်ဆင်နွှဲသူများကို စေတနာရှင်၊ အလှူရှင်များက ဖျော်ရည်နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ပြုခဲ့ကြကြောင်း သတင်းရရှိ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)