ကန့်ဘလူ မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဟာရွှေစည်ကြီး စေတီတော်ရင်ပြင်၌ ယနေ့ နံနက် ၈ နာရီခွဲက ဗုဒ္ဓအခါတော်နေ့ (ကဆုန်လပြည့်) (၈၀)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော် အပါး ၂၈၇ ပါးနှင့် သီလရှင် ၁၀ ပါးတို့အား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သောင်းထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကန့်ဘလူအသင်း (ရန်ကုန်)၊ ဒေသခံပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။
ထို့နောက် သာသနာ့ဗိမာန်တော်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချ အခမ်းအနားကျင်းပရာ တက်ရောက်လာကြသူများက မြို့ရှေ့ကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ်ဩဝါဒစရိယ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဇဝနထံတော်မှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် မြို့ရှေ့ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)