မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်ကျွန်း မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်ခန်းမ၌ ဆောင်ရွက်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက လူငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများရရှိရေး၊ လူငယ်များကိုယ်တိုင် မိမိ၏ မိသားစုအတွက်၊ မိမိလူမျိုး၊ မိမိနိုင်ငံအတွက် ရည်မှန်းချက်ဖြင့် မိမိကိုယ်ကို မြှင့်တင်ရန်အချက်များ၊ အောင်မြင်သောဘဝကို တက်လှမ်းနိုင်ရေးအတွက် အရေးပါသည့် စာပေဖတ်ရှုလေ့လာခြင်း ဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်မှ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောကာ Book Club အဖွဲ့ဝင် ဦးခင်မောင်ထွန်းက ကျန်းမာခြင်းနှင့် ကိုယ်လက်လှုပ်ရှားခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ လူငယ်များအား ဆွေးနွေးဟောပြောခဲ့သည်။ အဆိုပါ လူငယ်‌ရေးရာ အသိပညာပေးဆွေးနွေးပွဲသို့ Book Club အသင်းဝင်များ၊ ကျောင်းသား ကျောင်းသူလူငယ်များ၊ ကျောင်းသားမိဘများနှင့် မြို့နယ် ရုံးပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)