မင်းဘူး မေ ၁၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေနံနက် ၈ နာရီခွဲ အချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူး-မင်းလှ ကားလမ်းဘေးရှိ မြန်မာမြေ စွမ်းအားမြှင့် အေဝမ်းမီးဖိုထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုလာခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အေဝမ်းမီးဖိုထုတ်လုပ်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး စက်ရုံမန်နေဂျာနှင့် တာဝန်ရှိသူများက စက်ရုံလုပ်ငန်းများ လည်ပတ်ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် စက်ရုံအတွင်း မြန်မာမြေစွမ်းအားမြှင့် အေးဝမ်းမီးဖိုး ထုတ်လုပ်ပုံအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။
အေဝမ်းမီးဖိုပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် စေးကပ်သော မြေစေးနှင့် ဖွဲပြာတို့ကို အဓိက အသုံးပြု၍ မြေသယ်သွင်း၊ မြေသားစပ်၊ မြေနင်း၊ မြေညှစ်၊ ပုံကြမ်းဖော်၊ ခနောက်ကပ်၊ ဖိုချွတ်ခွာ၊ အစို ဖောက်ချော၊ အခြောက်ချော၊ အရောင်တင်ဆေးသုတ်၊ ဖိုစီ၊ ဖိုထုတ်၊ အပူထိန်းနံရံကပ်၊ သံခွေပတ် မီးခံပြားဖောက် စသည့် လုပ်ငန်းအဆင့်ဆင့်ဖြင့် ပြုလုပ်ရကြောင်း၊ စက်ရုံအတွင်း မီးဖိုအမျိုးအစား (၈)မျိုးကို ထုတ်လုပ်လျက်ရှိပြီး အမျိုးအစားအပေါ် မူတည်၍ စက်ရုံးဈေး ရိုးရိုးမီးဖိုတစ်လုံးလျှင် ၃၂၀၀ ကျပ်၊ သံခွေပတ် မီးဖိုတစ်လုံးလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စက်ရုံအတွင်း လုပ်သား ၆၀ ဦးခန့်ဖြင့် စက်မှုလက်မှု ပေါင်းစပ်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပြီး မီးဖိုတစ်လုံးဖြစ်ရန် လုပ်ငန်းစဉ်အားလုံးပြီးချိန် ရက်ပေါင်း ၄၅ ရက်ခန့်ကြာမြင့်ကြောင်း၊ ရာသီဥတု အပေါ်မူတည်၍ တစ်ရက်ပျမ်းမျှ မီဖိုအလုံး ၄၀၀ နှုန်းဖြင့် တစ်လလျှင် မီးဖိုအလုံးရေ ၁၂၀၀၀ ခန့်အထိ ထုတ်လုပ်နိုင်ပြီး လောင်စာအမျိုးမျိုးဖြင့် အသုံးပြုနိုင်ကြောင်း၊ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာ များအား အထူးအစီအစဉ်များဖြင့် ဖြန့်ဝေ ပေးနိုင်ရန် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက နှစ်စဉ် အများဆုံးဝယ်ယူကြောင်း၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ်ဖြင့် ဝယ်ယူမှုများအပြင် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း မြန်မာမြေ စွမ်းအားမြှင့် အေးဝမ်းမီးဖိုးထုတ်လုပ်ရေးလုပ်ငန်းမှ စက်ရုံမန်နေဂျာ ဦးသန့်ဇင်က လိုက်လံရှင်းလင်း ပြသသည်။
အေဝမ်းမီးဖိုကို သုံးဆွဲခြင်းအားဖြင့် ထင်းလောင်စာကုန်ကျမှု သက်သာခြင်း၊ သစ်တောများ ပြုန်းတီးမှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုခြင်း၊ ထင်းလောင်စာနည်းပြီး လေဆွဲအား ကောင်း၍ အပူရှိန် များများဖြင့် ချက်ပြုတ်ရလွယ်ကူမြန်ဆန်ပြီး အချိန်ကုန်သက်သာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)