အိမ်မဲ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ ခတ်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့မှ အဖွဲ့ (၅)ဖွဲ့ခွဲ၍ အိမ်မဲကြီးရပ်ကွက် (၁)လမ်းမှ (၇)လမ်းအထိ အိမ်ခြေ(၂၀၀)ကျော်အား တစ်အိမ် တက်ဆင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပေးခြင်း ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးများကို ခတ်ပေးခဲ့ကြောင်း သိရသည်။
“ခြင်ကြားလောက်လမ်းပေါက်ပွားရာ နေရာများကတော့ အဓိကရေသိုလှောင်ပစ္စည်းများဖြစ်တဲ့ ရေစည်၊ ရေအိုး၊ ရေကန်များ၊ ဘုရားပန်းအိုး၊ နတ်ပန်အိုး၊ အလှပန်းအိုးများ၊ ရေတင်ကျန်နိုင်တဲ့ ဘူးခွံ၊ ခွက်ခွံ၊ တာယာဟောင်းများ၊ သဘာဝအလျောက် မိုးရေတင်ကျန်လေ့ရှိတဲ့ သစ်ပင်အခေါင်း၊ အုန်းလက်၊ ငှက်ပျောလက်များ၊ ခုတ်ပြီး အငုတ်ကျန်ခဲ့တဲ့ ဝါးဆစ်တွေမှ ပေါက်ပွားပါတယ်။ အခုကတော့ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနဲ့ အဘိတ်ဆေးများ လိုက်လံခတ်ပေးတာဖြစ်ကြောင်း” မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)