ပြည် မေ ၁၄
ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၀၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို အခမ်းအနားအစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက် ၆ နာရီတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ အခမ်းအနား ပထမပိုင်းအစီအစဉ်ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော တက်ရောက်လာသည့် ဒေသကွပ်ကဲမှူး စစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့၊ ဝေယျာဝစ္စအဖွဲ့များနှင့် လူမှုရေးအဖွဲ့ အစည်းများက နမောတဿ ဗုဒ္ဓပဏာမ ဂါထာတော် သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဆရာတော်ကြီးထံမှ တက်ရောက်လာကြသူများက ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပေးတော်မူကြကာ ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျဂေါပကအဖွဲ့ဝင် ဦးသိန်းဝင်းက ဆရာတော်ကြီးများထံ ကဆုန် ညောင်ရေသွန်းပွဲ ကျင်းပရခြင်းအား တင်ပြလျှောက်ထားသည်။
ယင်းနောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ တာဝန် ရှိသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရွာဘဲတောင်ပေါ် ကျောင်းတိုက်ဆရာတော်ကြီးက ဩဝါဒကထာနှင့် အနုမောဒနာတရား ချီးမြှင့်တော်မူကာ ဝေနေယျသတ္တဝါ အပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေ၍ ဧည့်ပရိတ်သတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုခြင်းဖြင့် အခမ်းအနားပထမပိုင်း အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ဆက်လက်၍ စေတီတော်ရင်ပြင် အလယ်ပစ္စယံရှိ မဟာဗောဓိပင်၌ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပရာ ရှေးဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများက မဟာဗောဓိညောင်ပင်တော်အား "ဇယန္တော ဗောဓိယာမူလေ" ဂါထာတော်ဖြင့် ညောင်ရေသွန်းလောင်းတော်မူကြပြီး ဒေသကွပ်ကဲရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော တက်ရောက်လာကြသူများနှင့် ဘုရားဖူးလာပြည်သူများက အဆိုပါ ဂါထာတော်ရွတ်ဆိုဆုတောင်း၍ မဟာဗောဓိညောင်ပင်တော်အား ရေစင်သွန်းလောင်းကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)