နာမကျန်းဖြစ်သူများ အခမဲ့ဆေးကုသပေးရန် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျွန်းစုမြို့သို့ ရောက်ရှိ

ကျွန်းစု မေ ၁၃

နာမကျန်းဖြစ်သူများအား နယ်လှည့်၍ အခမဲ့ဆေးကုသပေးလျက်ရှိသည့် တပ်မတော် နယ်လှည့်ဆေးကုအဖွဲ့သည် မေလ(၁၃)ရက်နေ့ ညနေ(၅)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သို့ ရောက်ရှိလာခဲ့ရာ တနင်္သာရီရေတပ်စခန်းဌာနချုပ်ရှိ ရေတပ်ဆိပ်ခံတံတား၌ တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။

တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့သည် ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)ဖြင့် ရေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီးသန့်ဇင် ဦးဆောင်သော အရာရှိ၊ စစ်သည်(၂၆)ဦး၊ တပ်မတော်နယ်လှည့် ကုသရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အောင်ကိုသန်း ဦးဆောင်သော ပါရဂူများ၊ ခွဲစိတ်ဆရာဝန်များ၊ သူနာပြုများပါဝင်သည့် အရာရှိစစ်သည်(၄၃)ဦး၊ တပ်မတော်မြဝတီ ရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့် အရာရှိ/စစ်သည်၊ ရဲမေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကျွန်းစုမြို့ပေါ်တွင် မေလ(၁၄)ရက်နေ့၌ လည်းကောင်း၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာတွင် မေလ(၁၅)ရက်နေ့၌လည်းကောင်း၊ သဲချောင်းကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာတွင် မေလ(၁၆)ရက်နေ့၌လည်းကောင်း၊ ပြင်စဘုကျွန်းတွင် (၁၇)ရက်နေ့၌လည်းကောင်း အခမဲ့ ကွင်းဆင်းဆေးကုသပေးမည်ဖြစ်ပြီး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား၊ မီးယပ်၊ ကလေးရောဂါ၊ သွားရောဂါ၊ အရိုးရောဂါများကို ကုသပေးမည်ဖြစ်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာများရှိ နာမကျန်းဖြစ်သူများ၊ ကျန်းမာရေးစစ်ဆေးမှု ခံယူလိုသူများမှ လာရောက်ပြသနိုင်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)