နတ်မောက် မေ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်တွင် လာရောက်ကြည့်ရှုမည့် ပြည်သူများ စိတ်အေးချမ်းသာစွာ ကြည့်ရှုလေ့လာနိုင်စေရန် ပြတိုက်ရှိ ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို ပြတိုက်ဖွင့်ချိန် နံနက် (၀၉:၃၀) နာရီမှ ညနေ(၄:၃၀)နာရီအထိဖွင့်လှစ်ပြီး တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်များသာ ပိတ်ရက်များအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများ၊ ကဗျာစာအုပ်များနှင့် ဆောင်းပါးစာအုပ်များပြသခြင်းနှင့် နေအိမ်အပေါ်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူရုပ်ထုတို့ကို ပြသလျက်ရှိရာ ရပ်နီးရပ်ဝေးရှိ ပြည်သူများလည်း လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
“ကျွန်တော့်ကတော့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို တစ်ခါမှမရောက်ဘူးလို့ လာခဲ့တာပါ၊ နတ်မောက်မြို့ကို ရောက်တော့ ကျွန်တော်ပျော်မိပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနေခဲ့တဲ့မြို့ ဖြစ်လို့ပါဘဲ၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ထဲကိုလည်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ပါတယ်၊ အိမ်ရဲ့အောက်ထပ်မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ဖြစ်သူ၏ ယက်ကန်းစင်၊ မီးခံသေတ္တာတို့ရှိပြီး နေအိမ်အပေါ်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု၊ မှတ်တမ်းဓာတ်ပုံများ ပြသထားခြင်းကို ကြည့်ရှုလေ့လာခဲ့ကြောင်း မော်လမြိုင်မြို့နေ ဦးကျော်ဦးက လေ့လာတွေ့ရှိမှုများကို ပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း