ဖောင်းပြင် မေ ၁၃
ဖောင်းပြင်မြို့နယ်တွင် နွေစပါးစိုက်တောင်သူများအနေဖြင့် စပါးများ ရိတ်သိမ်းကြပြီဖြစ်ရာ မိရိုးဖလာ စပါးများကို စိုက်ပျိုးခြင်းမပြုဘဲ မျိုးကောင်းမျိုးသန့် စပါးများဖြစ်သော ဧရာမင်း၊ ဆင်းဧကရီ-၃၊ ဂျပန်၊ ဆင်းသုခ စပါးများကို စိုက်ပျိုးခဲ့သည့်အတွက် ယခုနှစ် နွေစပါးရိတ်သိမ်းချိန် စပါးအထွက်နှုန်း ပိုမိုထွက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
“မိရိုးဖလာ စပါးမျိုးရင်းတွေဖြစ်တဲ့ မုရင်းစပါး၊ ပချီးဝါ၊ ပချီးဖြူတွေကို အစဉ်အဆက် စိုက်ပျိုးခဲ့ကြတာ အထွက်နှုန်းကတော့ တစ်ဧကမှာ စပါးတင်းရေ ခြောက်ဆယ်ဝန်းကျင် ထွက်ရှိပါတယ်။ ယခုလို မျိုးကောင်းမျိုးသန့် စပါးတွေစိုက်တော့ တစ်ဧက ရှစ်ဆယ်အထက်မှာ ထွက်ရှိလာတာပါ။ ရောင်းရတဲ့ ဈေးနှုန်းမှာလည်း နှစ်ထောင်ဝန်းကျင် ပိုရပါတယ်။ ပြီးတော့ ပင်တိုစပါးတွေဖြစ်လို့ ရိတ်စက်နဲ့ ရိတ်နိုင်တာကြောင့် ရိတ်သိမ်းစရိတ် ပိုမိုသက်သာလာသလို ပိုပြီးလည်းမြန်ဆန်ပါတယ်။”ဟု တောင်သူဦးစိန်ဟန်က ပြောပြသည်။
ဖောင်းပြင်မြို့နယ်မှ နွေစပါးစိုက်တောင်သူများသည် နွေစပါးစိုက်ပျိုးရန်အတွက် အင်းရေကို အသုံးပြု၍လည်းကောင်း၊ အင်းရေမလုံလောက်သည့် တောင်သူများက မြေအောက်ရေရရှိရန် စက်ရေတွင်း တူးဖော်၍လည်းကောင်း စိုက်ပျိုးကြပြီး ယခင်က ကျွဲ၊ နွားများနှင့် သုံးဘီး ထွန်စက်ငယ်များကို အသုံးပြုကာ စိုက်ပျိုးခဲ့ကြပြီး ရိတ်သိမ်းရာတွင်လည်း လူအင်အား အသုံးပြုကာ ရိတ်သိမ်းကြကြောင်း ယခုအခါ ကျွဲ၊ နွားနှင့် ထွန်စက်ငယ်များအပြင် ထွန်စက်ကြီးများကို အသုံးပြုကာစိုက်ပျိုးကြပြီး ရိတ်သိမ်းရာတွင်လည်း ရိတ်သိမ်း ချွေလှေ့စက်များကို အသုံးပြုလာကြပြီဖြစ်ကြောင်း၊ စက်ယန္တရားများကို အသုံးပြုခြင်းကြောင့် လွယ်ကူစွာ စိုက်ပျိုးနိုင်ပြီး ရိတ်သိမ်းချိန် သဘာဝဘအန္တရာယ်များကို ကုစားလာနိုင်လာကြကြောင်း သိရ သည်။
ကိုထွန်း(ဖောင်းပြင်)