ဖြူး မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စုအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် မြို့နယ်အဆင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့က တောင်သူများနှင့်တွေ့ဆုံကာ နွေစပါးနှင့် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်းများကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ရွာတန်းရှည် ကျေးရွာအုပ်စု၊ ကင်မွန်းခြုံ ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သူများနှင့် တွေ့ဆုံရာတွင် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်က နွေစပါးနှင့် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်းများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့တွင် ပါဝင်သောမြို့နယ်များဖြစ်သည့် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေး ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ မိုးစပါးအပြီး နွေစပါး ဆက်လက်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်းများ ရာသီအလိုက် စိုက်ပျိုးနိုင်သည့် အခြေအနေများနှင့် စိုက်ပျိုးနည်းစနစ်များ၊ မွေးမြူရေး ကဏ္ဍများကို အသိပညာပေး ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
တက်ရောက်လာကြသော တောင်သူများက စိုက်ပျိုးရေးကဏ္ဍများတွင် အဓိက လိုအပ်ချက်များအား တင်ပြဆွေးနွေးကြရာ အဆိုပါ လိုအပ်ချက်များအား ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်