လွိုင်ကော် မေ ၁၃
ကယားပြည်နယ်၊ သံယဇာတရေးရာဝန်ကြီး ဦးစောဟူးဟူသည် မေ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်က လွိုင်ကော် သစ်တောခရိုင် ရုံးဝန်းအတွင်းရှိ ဒီးမော့ဆို (ယာယီ) ပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင် (၇၅,၅၀၀)ပင်၊ သစ်မျိုး (၁၆)မျိုး ပျိုးထောင်ထားရှိမှုအားလည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနရှိ ကန္ဒရဝတီပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင် (၁၀၁,၅၀၀)ပင်၊ သစ်မျိုး (၂၃)မျိုး ပျိုးထောင်ထားရှိမှုအားလည်းကောင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
သစ်တောဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံများ၏ ပျိုးဥယျာဉ်လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးမှ လူထုဖြန့်ပျိုးပင်များအား ဖြန့်ဝေသည့်အချိန်တွင် အောင်လုံသန်စွမ်းသည့် ပျိုးပင်များရရှိရေး၊ ပျိုးပင်အမြင့် (၂)ပေအထက် ရောက်ရှိရေး၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့များအား ပျိုးပင်များ အချိန်မီ ဖြန့်ဝေပြီး မိုးရာသီသစ်ပင်များ စိုက်ပျိုးနိုင်ရေး၊ ကယားပြည်နယ်၏ အထိမ်းအမှတ် သစ်မျိုးအဖြစ် “စိန်ပန်းနီသစ်မျိုး” အား သတ်မှတ်ထားရှိသည့်အတွက် ပျိုးပင်အများအပြား ပျိုးထောင်၍ ဖြန့်ဝေနိုင်ရေးနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)