ကျိုက်လတ်၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကျိုက်လတ် မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ယနေ့ နံနက်(၇) နာရီအချိန်ခန့်က ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမ ပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား  ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး  စိတ္တသုခကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင် (၂) ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃)ဦးထွန်းဆွေ၊ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်တို့နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက မြို့နယ်သံဃနာယက ဆရာတော်များနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျိုက်လတ်မြို့နယ် စာဖြေဌာနတွင် ထူးချွန်စွာအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော် ပထမကြီးတန်း(၅)ပါး၊ ပထမလတ်တန်း(၄)ပါး၊ ပထမငယ်တန်း(၁)ပါး၊  အခြေပြုမူလတန်း (၂၁)ပါးတို့ အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ ဆရာတော်ကြီးများ၊ စာအောင် သာမဏေ များ၊ သီလရှင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်