ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက လယ်လှကုန်းကျေးရွာ ပန်းဆေးကန်ဘုရားဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပျိုးပင်ကြီး ၁၆၅၀ပင် စိုက်ပျိုးဆောင်ရွက်သွားမည်

ပွင့်ဖြူ မေ ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ အရိပ်ရပျိုးပင်စိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီးရှိ ပန်းဆေးကန်ဘုရားကွင်းပြင်တွင် အရိပ်ရသစ်ပင်ကြီး ၁၆၅၀ပင် စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအောင်မော်ထံမှ သိရသည်။

ယခု ၂၀၂၂ ခုနှစ်၊ မိုးရာသီမှာ ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီးက ပန်းဆေးကန်ဘုရားကွင်းပြင်မှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေဖို့နဲ့ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး အရိပ်ရသစ်ပင်ကြီးများကို စိုက်ပျိုးသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ စိုက်ပျိုးမည့်အရိပ်ရသစ်ပင်ကြီးတွေကတော့ ကျွန်း ၊ ယူကလစ် ၊ ဝါး ၊ ခရေ ၊ တမာ ၊ မဲဇလီ ၊ သစ်စိမ့်  ၊ စိန်ပန်း ၊ မြန်မာကုက္ကို ၊ ရေတမာ စတဲ့ အရိပ်ရသစ်ပင်ကြီး(၁၀)မျိုးကို စိုက်ပျိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရိပ်သစ်ပင်ကြီးတွေ စိုက်ပျိုးဖို့အတွက် မြေကျင်းတူးခြင်းလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။ ယခုလို သစ်ပင်စိုက်ပျိုးပွဲတော်ကို စိုက်ပျိုးပေးခြင်းဖြင့် ဒေသခံပြည်သူများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းမှာ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေခြင်း၊ လူထုကိုယ်တိုင် သစ်ပင်စိုက်ပျိုးခြင်းနှင့် စည်းကမ်းမဲ့ သစ်ပင်များ ခုတ်လှဲခြင်းတို့ကို ရှောင်ကြဉ်စေနိုင်ခြင်း စတဲ့ ရည်ရွယ်ချက်နဲ့ နှစ်စဉ် မိုးရာသီကာလမှာ မြို့နယ်သစ်တောဦးစီးဌာနက ဦးဆောင်ပြီး အရိပ်ရသစ်ပင်များကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်နေတာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော် က ပြောသည်။

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်၍ ယူကလစ်၊ ကျွန်း၊ ကံ့ကော်၊ ရှား၊ တမာ၊ ဝါး၊ မဲဇလီ၊ ကုက္ကို၊ ရေတမာ၊ ခရေ၊ ပိန္နဲ၊ ကဗွီး၊ မန်ဂျန်ရှား စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကျေးလက်ဒေသ စိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း ၊ သဘာဝဘေးကြောင့် ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် ရေဝေရေလဲ စိုက်ခင်းများ စိုက်ပျိုးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်လျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီတွင်လည်း မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးရန် လူထုဖြန့်အနေဖြင့် ကျွန်း၊ ယူကလစ်၊ ဝါး၊ ခရေ၊ တမာ၊ မဲဇလီ၊ သစ်စိမ့် ၊ စိန်ပန်း၊ မြန်မာကုက္ကို စသည့် အရိပ်ရပျိုးပင်ပေါင်း လေးသောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း(၇၂၇)ဧက တည်ထောင်စိုက်ပျိုးရန် ယူကလစ်၊ ကျွန်း၊ လျှော်ဖြူစသည့် အရိပ်ရပျိုးပင်ပေါင်း ၁၀၉၀၅၀ ပင် ၊ ရေဝေရေလဲစိုက်ခင်းဧက(၃၀) စိုက်ပျိုးရန်အတွက် ဇီး၊ ဇီးဖြူ၊ သစ်စိမ့် စသည့် အရိပ်ရပျိုးပင် ၇၂၀၀ ပင်၊ စုစုပေါင်း အရိပ်ရပျိုးပင် ၁၅၆၂၅၀ အား အကောင်အထည်ဖော် စိုက်ပျိုးရန်အတွက် ပြုစုပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )