ကျိုက်လတ် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် ကဆုန်လပြည့်အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့ နံနက်(၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ကဆုန်လသည် နွေနှောင်းလဖြစ်သည့် အားလျော်စွာ အများအားဖြင့် မြေပေါ်မြေအောက် ရေစုပ်သဖြင့် ရှေးစာဆိုတို့က ''တန်ခူးရေကုန် ကဆုန်ရေခမ်း'' ဟူ၍ လည်းကောင်း “ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်” ဟူ၍ လည်းကောင်း ဝိသေသရှိကြကြောင်း၊ ကဆုန်လသည် ဗြိဿရာသီဖြစ်ပြီး ဝိသာခါနက္ခတ်ဖြစ်၍ စကားပန်း၊ ချယားပန်းတို့ပွင့်ပြီး ရာသီရုပ်မှာ နွားထီးရုပ်ဖြစ်ကြောင်း၊ ပူပြင်းခြောက်သွေ့လှသော ဤကဆုန်လပြည့်အခါတွင် ဗောဓိညောင်ပင်တို့ရေငတ်ခြင်း၊ ရေပြတ်ခြင်းဖြစ်၍ ညိုးရော်မည်ကို စိုးရိမ် သဖြင့်ဗုဒ္ဓဘာသာဝင်တို့သည် ညောင်ပင်ကို ဗုဒ္ဓဘုရားရှင်အမှတ်ဖြင့် စိတ်ရည်မှန်း၍ ရေစင်သွန်းလောင်း ခြင်း အလှူကိုပွဲတော်အသွင် ပြုလုပ်ကြသဖြင့် ညောင်ရေသွန်းပွဲတော်သည် ဘာသာရေးပွဲတော် တစ်ရပ် ဖြစ်သကဲ့သို့ မြန်မာ့လူနေမှုဘဝ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တစ်ရပ်လည်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာဆွေနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝင်းပပအောင် တို့ကလည်း ကဆုန်လနှင့် ပတ်သက်သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်