မုံရွာ မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁၄) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူးရုံး (မုံရွာ)မှ ရဲအုပ် ဦးနိုင်ထွန်းက လူကုန်ကူးမှုဖြစ်ပွားနေမှု အခြေအနေများ၊ လူကုန်ကူးခံရမှုကြောင့် ခံစားရသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူးရုံးမှ တာဝန်ရှိသူများက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား တက်ရောက်လာကြသော ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် / ကျေးရွာ စာရေး ဝန်ထမ်းများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)