ထားဝယ် မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ရိုးရာလုံချည် ထုတ်လုပ်မှုမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ရိုးရာလုံချည်နှင့်ပတ်သက်ပြီး ယခုထက်အဆင့်မြှင့်ပြီး အရည်အသွေးကောင်းသော လုံချည်ရက်လုပ်နိုင်ရန်အတွက် ထုတ်လုပ်မှုအပိုင်း၊ ပညာရပ်အပိုင်း လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ခေါ်ယူ ညှိနှိုင်းသော အစည်းအဝေးဖြစ်ကြောင်း၊ ထားဝယ်ရိုးရာလုံချည် ထုတ်လုပ်မှုမြှင့်တင်ရန် ယခင်က ဆောင်ရွက်ထားရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း၊ ထားဝယ်ရိုးရာ လုံချည် အဆင့်မြှင့်တင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ထားဝယ်ရိုးရာလုံချည်အား တစ်နိုင်ငံလုံးအတိုင်း အတာအထိ ပြည်သူအများ သွားလာရာတွင် ဝတ်ဆင်ရသောလုံချည်ဖြစ်အောင် မြှင့်တင်ပေးစေချင်သောဆန္ဒရှိကြောင်း၊ ယခု အစည်းအဝေးတွင် ရက်ကန်းပြုလုပ်နေသောအဖွဲ့များ၊ ရက်လုပ်နေသော ပညာရှင်များ၊ ဆေးဆိုးနေသောပညာရှင်များ၊ ချည်ထည်နှင့်ပတ်သက်ပြီး တတ်သိနားလည်သောပညာရှင်များက ထားဝယ်လုံချည် အဆင့်မြှင့်တင်နိုင်ရန် အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ ထားဝယ်လုံချည်အား အရည်အသွေးကောင်းရန်လိုအပ်ပြီး အဆင့်မြှင့်တင်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း ထားဝယ်ဒေသထွက် ထားဝယ်ရိုးရာလုံချည်အား ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ထားဝယ်မြို့နယ် ရက်ကန်းစက်ရုံကော်မတီဥက္ကဋ္ဌဦးဘမြင့်က ထားဝယ်လက်ရက်ကန်းအား ၁၉၇၈ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ကြောင်း၊ ရက်ကန်းစင်ပေါင်း (၁၀၀) ခန့်ဖြင့် ထုတ်လုပ်ခဲ့ပြီး စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ထားဝယ်လုံချည်သည် ချည်ထည်မဟုတ်ဘဲ ပိုးလုံချည် ဖြစ်ကြောင်း၊ ထားဝယ်ပိုးလုံချည်အား မြန်မာဘုရင်လက်ထက်က ဝတ်ဆင်ခဲ့ပြီးယခုအချိန်အထိ ထိန်းသိမ်းထားရှိကြောင်း၊ ထားဝယ်လုံချည်မှာ ရေစိမ့်ဝင်နိုင်ခြင်းမရှိကြောင်းနှင့် ထားဝယ်လုံချည်အား ထိန်းသိမ်းထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ရိုးရာလုံချည် ထုတ်လုပ်မှု အဆင့်မြှင့်တင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရက်လုပ် ထားသော ထားဝယ်လုံချည်များ၏ အရည်အသွေးအား ကြည်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)