မုံရွာ မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဇော်တင်မိုးက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မုံရွာခရိုင်၏ လူမှု၊ စီးပွားဘက်စုံဖွံ့ဖြိုးတက်ရေးအတွက် သဘာဝ အရင်းအမြစ်များ၊ လူသားအရင်းအမြစ်များကို အခြေခံလျက် နိုင်ငံတော်နှင့် ပုဂ္ဂလိကဘဏ္ဍာအရင်းအမြစ်များ ပေါင်းစပ်တွန်းအားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြဌာန်းပေးခဲ့သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မုံရွာခရိုင်၏ ဒေသန္တရစီမံကိန်း ဥပဒေအရ ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများတွင် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၃၀၉၆၁ ဒသမ ၇၂၁ ကျပ်သန်းဖြင့် လုပ်ငန်းစီမံကိန်း စုစုပေါင်း (၄၀၆) ခုကို အကောင်အထည်ဖော် ဆောင်ရွက်ကြမှာဖြစ်ပါကြောင်း၊ ယခုဆို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းဉပဒေကို ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အတည်ပြုဌာန်းပေးခဲ့ပြီးဖြစ်သောကြောင့် စီမံကိန်းဥပဒေနှင့်အညီ ကဏ္ဍအလိုက်၊ ဒေသအလိုက် စီမံကိန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တာဝန်ပေးပြောကြားလိုပါကြောင်း၊ မိမိတို့ မုံရွာခရိုင်အနေဖြင့် အတည်ပြုပြဌာန်းလိုက်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းတွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(ဂျီဒီပီ) တိုးတက်မှု ရာခိုင်နှုန်း ၃ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ခရိုင်အဆင့်ဌာနာဆိုင်ရာများ၊ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီများ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီများအနေဖြင့် မိမိတို့၏ကျရာကဏ္ဍနှင့် မြို့နယ်အလိုက် ဂျီဒီပီ တိုးတက်မှုနှုန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်းဦးစီးမှူး ဦးစောအောင်ကျော်စိုးက စီမံကိန်းရည်မှန်းချက်များ အသေးစိတ်ရှင်းလင်းတင်ပြပြီး ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များက သက်ဆိုင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များကို အသီးသီးပေးအပ်ခဲ့ပြီးနောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဉပဒေပါ လုပ်ငန်းစီမံကိန်းများကို အချိန်နှင့်တပြေးညီ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ရည်မှန်းထားသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)တိုးတက်မှုနှုန်းကို ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် နိဂုံးချုပ် တိုက်တွန်းပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)