မြဝတီခရိုင်၌ လူငယ်များ ဘဝတိုးတက်အောင်မြင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မြဝတီ မေ ၁

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Youth  Club အသင်းဝင် လူငယ်၊ လူရွယ်များစုပေါင်း၍  ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အကြီးကိုကို (ကသာ) ရေးသားသည့် ဖေဖေ့နှလုံးသွေးစက် (လူငယ်ဘဝ တိုးတက်အောင်မြင်ရေးလမ်းညွှန်စာစုများသုတစာအုပ်ဖြင့် အသိပညာ ပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြသည်။

ဟောပြောပွဲဆောင်ရွက်ပေးရာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (ကရင်ပြည်နယ်) ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် အကျိုးရှိသည့် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းသည် ကောင်းမွန်သော ရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း အမှာစကား ပြောကြားပေးပြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်များအနေဖြင့် ဘဝလမ်းကြောင်းမှန်ကန်စွာ လျှောက်လှမ်းနိုင်ကြစေရေးအတွက် ဖေဖေ့နှလုံးသွေးစက် (လူငယ်ဘဝတိုးတက်အောင်မြင်ရေးလမ်းညွှန်စာစုများ မှ ဘဝအတွက် လေ့လာမှတ်သားလိုက်နာပါနှင့် လူငယ်နှင့်အချိန်ခေါင်းစဉ် များဖြင့်  ဟောပြောပေးသည်။   

ထို့နောက် အသင်းဝင်မောင်စိုင်းဝေလျှံက  လူငယ်နှင့်အချိန်  ဟောပြာမှုမှ  လူတစ်ယောက် အချိန်ကိုမလေးစားခြင်း၊ တန်ဖိုးမထားခြင်း၊   ဖြုန်းတီးခြင်းသည်  မိမိဘဝတန်ဖိုးမထားရာရောက်ကြောင်းနှင့် ငယ်စဉ်ကပင် အချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်ပါက အောင်မြင်ခြင်းပန်းတိုင် မလွဲမသွေရရှိနိုင်မည်ဟု အကြံပြု ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း (ပြန်/ဆက်)