ရှမ်းရွာသစ်၊ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအားဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေးအထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို မဲသမူးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ငွေများကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအထိ မဲသမူးကျေးရွာအုပ်စုရှိ အကျိုးခံစားမည့်သူ ကိုယ်ဝန်ဆောင်မိခင် (၇၁) ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် (၁၃၂) ဦး၊ ဇူလိုင်လမှ စက်တင်ဘာအထိ ကိုယ်ဝန်ဆောင်မိခင် (၇၄) ဦးနှင့် အသက် (၂) နှစ်အောက်ကလေး (၁၅၃) ဦးတို့အတွက် တစ်လလျှင်ကျပ်(၁၅၀၀၀)နှုန်းဖြင့် (၆) လစာကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)