ရေနံချောင်း မေ ၁၃
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရာသီဥတုကောင်းမွန်မျှတစေပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရေနံချောင်းမြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၃၅၇/၅)အနီး အထူးစိမ်းလန်းစိုပြည်ရေးဇုံစီမံကိန်း (Greening Complex Zone) ဧရိယာတွင် ကျင်းပပြုလုပ်သည်။
သစ်ပင်စိုက်ပျိုးပွဲတော်သို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၇၇)ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူးနှင့်တပ်ဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ရေနံချောင်းတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက ပျိုးပင်များကိုပေးအပ်ကာ တမာ၊ ရှား၊ ဖျောက်ဆိတ်၊ သင်္ဘောငုစပ်၊ မဲဇလီ စသည့် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်မျိုးစုံ ပျိုးပင်ပေါင်း ၃၀၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြ သည်။
ရေနံချောင်းမြို့နယ် အထူးစိမ်းလန်း စိုပြည်ရေးဇုံစီမံကိန်း ဧရိယာ၌ ၂၀၂၂ ခုနှစ် မိုးရာသီတွင် တမာ၊ ရှား၊ ဖျောက်ဆိတ်၊ သင်္ဘောငုစပ်၊ မဲဇလီစသည့် ဒေသနှင့်ကိုက်ညီသော သစ်မျိုးများ စုစုပေါင်း ၁၅၅၀၀ ပင် စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ သဘာ၀တောကျန် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအဖြစ် ၂၀၀၀ ဧက ဆောင်ရွက်မည့်အပြင် ဒေသနေပြည်သူတို့အတွက် ရေရရှိရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်မင်းသူထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်