ပွင့်ဖြူ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလ အတွင်း စီးပွားရေးထိခိုက်မှုများအပေါ် သက်သာစေရေးအတွက် မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး (CERP) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကြက်မွေးမြူရေးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မင်းမြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းချို က အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာကေဇင်ဝင်းအောင် က ယခုဖွင့်လှစ်ခဲ့သော ကြက်မွေးမြူရေး သင်တန်းသည် နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ COVID – 19 ကာလ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ထိခိုက်မှုအပေါ် ပြေလျော့သက်သာစေရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ရာ သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသော ကြက်မွေးမြူရေးဆိုင်ရာ သင်ခန်းစာများကို အကျိုးရှိရှိ ဆောင်ရွက်လုပ်ကိုင်သွားကြရန်နှင့် အခက်အခဲများ ကြုံတွေ့ပါက မိမိဌာနနှင့် ချိတ်ဆက်၍ အကူအညီများရယူဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးမှာကြားသည်။ ထို့နောက် သင်တန်းသား ဦးမြင့်ဝေ က ဒေသခံကျေးလက်နေပြည်သူများ ဝင်ငွေရရှိရေးအတွက် ကြက်မွေးမြူရေးသင်တန်း ဖွင့်လှစ် သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ကာ သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ကျေးရွာများမှ ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံတောင်သူ သင်တန်းသား ၂၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရပြီး သင်တန်းတွင် တိုင်းရင်းကြက် မွေးမြူခြင်းနည်းစနစ်များ ၊ မျိုးကြက်များ ရွေးချယ်ခြင်း နည်းစနစ်များ ၊ တိုင်ရင်းကြက်မွေးမြူရေးဆိုင်ရာ အာဟာရဗေဒ သိမှတ်ဖွယ်ရာများအကြောင်းနှင့် စီမံအုပ်ချုပ်မှု ပုံစံများ၊ ကြက်ငယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း နည်းစနစ်များ ၊ ကြက်ရောဂါနှင့် ပက်သက်ပြီး ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများ ၊ ဇီဝလုံခြုံမှုနည်းစနစ်များ အကြောင်းကို စက်တင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )