ဘားအံ မေ ၁၃
ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်ပင်ပေါင်း ၃၇၀,၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားပြီး ရှင်သန်ကြီးထွားရန် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ယနေ့နံနက် ၇ နာရီခန့်က ဘားအံမြို့၊ ဂေါက်ကလပ်၌ သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဥတုရာသီ၊ တောကိုမှီဆိုသကဲ့သို့ သစ်တောသစ်ပင်များသည် ရာသီဥတုပြောင်းလဲခြင်းအား ထိန်းညှိခြင်း၊ သဘာဝဘေးအန္တရာယ် များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ဖယ်ရှားပေးခြင်း၊ ရေနှင့် လေသန့်စင်မှုလုပ်ငန်းများ၊ မြေတိုက်စားမှု၊ မြေပြိုမှုများမှ ကာကွယ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ်အဆင့်ဆင့် ဖြစ်ပေါ်စေခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုး ပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသား/သူ၊ ဆရာ/မများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ သစ်ပင်ပေါင်း ၃၇၀,၀၀၀ (သုံးသိန်းခုနှစ်သောင်း) ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး တစ်ပင်စိုက်တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်ရန် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးခြင်းမှသည် ကြီးပြင်းသည်အထိ ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ အပင်ဖာထေးခြင်း၊ မီးဘေးကာကွယ်ခြင်းလုပ်ငန်းများကို ရာသီ အလိုက် လုပ်ဆောင်မှသာ စိုက်သမျှအပင် ရှင်သန်ကြီးထွားနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအနေဖြင့် ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော မန်ဂျန်ရှား၊ ငုရွှေဝါ၊ မဟော်ဂနီ၊ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ ခရေ၊ ကညင်၊ ပိတောက်၊ ပျဉ်းမ၊ စိန်ပန်း အစရှိသော အပင်ပေါင်း ၁၁၄၅ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကမြင်မြို့သစ် ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၌ ပိုးကရင်ရိုးရာအိမ် (၂) လုံးနှင့် စကောကရင်ရိုးရာအိမ် (၂) လုံး တည်ဆောက်မည့်နေရာနှင့် အိမ်ပုံစံငယ်များအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင်နီယာမှူး ကြီးဦးစိုးလွင်တို့က ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)