ကျောက်ကြီး မေလ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ကုန်းကျောင်းပရိယတ္တိ စာသင်တိုက်၌ ယနေ့နံနက် ၉ နာရီ အချိန်က (၂၃)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်နှင့် ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ချီးမြှင့်ခြင်း၊ ယဉ်ကျေးမှုစာမေးပွဲ အောင်မြင်သော ကျောင်းသား/သူများအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ကုန်းကျောင်းပရိယတ္တိစာသင်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း က သာသနာရေးဆိုင်ရာကိစ္စရပ်များ ပန်ကြားလျှောက်ထားကာ ပင်သံဃာ့များအား လှူဘွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းပြီး၊ ပါဠိပထမပြန်အောင် ပထမကြီးတန်းတွင် စာအောင်သံဃာ (၁)ပါး၊ ပထမငယ်တန်းတွင် စာအောင်သံဃာ (၁)ပါး၊ အခြေပြုမူလတန်းတွင် စာအောင်သံဃာ (၁၂)ပါး၊ စုစုပေါင်း စာအောင်သံဃာ (၁၄)ပါးအား စာအောင်လက်မှတ်နှင့် လှူဘွယ်ဝတ္ထုများကို မြို့နယ်ဌာနဆိုင်ရာအကြီးကဲများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး ယဉ်ကျေးမှုစာမေးပွဲ အောင်မြင်သော ကျောင်းသား/သူ (၃၃)ဦးအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်၊ ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်က ရေစက်ချတရားချီးမြှင့်ခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)