သာယာဝတီ မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် စာအောင်ဆုဆက်ကပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့၊ ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ် ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဘိုကြီးကုန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသဒ္ဓမ္မောဒယ ဆရာတော်ထံမှ ဩဝါဒခံယူပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဦးလှမျိုးထွန်းက သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စာအောင်သံဃာတော်(၁၄)ပါးတို့အား အောင်လက်မှတ်နှင့်စာအောင်ဆုများ အသီးသီးဆက်ကပ် လှုဒါန်းခဲ့ကြသည်။
ထို့နောက် ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့မိမြို့ဖများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)