မိုးညို မေ ၁၃
ပဲခူးတိုင်းဒေသကြီ၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာေရးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးကျန်းမာရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များတို့ စုပေါင်း၍ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်အတွင်း နေအိမ်များရှိ ရေတွင်း၊ ရေကန်၊ ကျောက်စည်ပိုင်း၊ ရေအိုး အစရှိသည်တို့တွင် ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးများခပ်ခြင်း၊ ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး (ဖုံး၊သွန်၊လဲ၊စစ်) အသိပညာပေးခြင်း လုပ်ငန်းများကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဆောင်ရွက်ခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ရပ်ကွက်များနှင့် ကျေးရွာများတွင် အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း