ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်‌မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဆင်ပေါင်ဝဲ မေ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးဆန်းနိုင်ဦး၊ အဖွဲ့ဝင်ဦးစိုးလှမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်အဆင့်ဌာဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယ‌နေ့နံနက်၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ စည်ပင်လှကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးများ၊ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ရာအိမ်မှူး ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးဆန်းနိုင်ဦး၊ အဖွဲ့ဝင်ဦးစိုးလှမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးတို့မှ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးနှင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများမှ မိမိတို့ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်ပြီး အဆိုပါအဖွဲ့များသည် ဆင်ပေါင်ဝဲမြို့နယ်၊ ရွာသစ်ကျေးရွာသို့ ဆက်လက်ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)