ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဆွေးနွေး

ချောင်းဦး  မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Online မှတဆင့် အသိပညာပေးများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်၁၁နာရီ အချိန်က ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပခဲ့သည်။

ဆွေးနွေးပွဲအား ချောင်းဦးမြို့ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းအောင် ကိုဖိတ်ကြားပြီး ဆွေးနွေးခဲ့ရာ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ချက်၊ ချောင်းဦးမြို့နယ်အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စီမံထားချက်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ လေဆင်နှာမောင်းဘေး၊ ငလျင်ဘေးတို့တွင် ချောင်းဦးမြို့နယ်အတွင်း ကြုံတွေ့ရနိုင်သည့် သဘာဝဘေးများအကြောင်းကို ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းနှင့် ဆွေးနွေးခဲ့သည်။

ချောင်းဦးမြို့နယ်သည် အပူပိုင်းဒေသအတွင်းတည်ရှိပြီး မြို့နယ်အတွင်း ယမားချောင်းများ ရှိသဖြင့် ရေဘေးအန္တရာယ်ကျရောက်လေ့ရှိကြောင်း၊ ချောင်းဦးမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ခုနှစ် စက်တင်ဘာလအထိ မုန်တိုင်းဘေး ၂ ကြိမ်၊ ရေဘေး ၁ကြိမ် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အဆောက်အဦး ၁၉လုံး ပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၄၄.၈၀၇ ဖြစ်ကြောင်း၊ မီးလောင်မှု့အနေဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ယနေ့အချိန်အထိ  မီးလောင်မှု့ (၄)ကြိမ်ဖြစ်ပွါးခဲ့ပြီး ၆၁သိန်း ၆ထောင်ခန့်သာ ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့်အတွက် အခြားမြို့နယ်များနှင့်ယှဉ်လျင် ထိခိုက်မှု့နည်းကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာခဲ့လျှင် မီးသတ်တပ်ဖွဲ့အနေဖြင့် အချိန်မရွေး ကူညီပေးရန် အသင့်ရှိနေပြီး ကာကွယ်နိုင်မည့် နည်းလမ်းများကိုလည်း ဆောင်ရွက်နေကြောင်း ဆွေးနွေးခဲ့သည်။

ဝင်းမြင့်အောင်(ပြန်ဆက်)