ကျွန်းလှ မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရန်အတွက် နေကြာမျိုးစေ့ ထောက်ပံ့ခြင်းနှင့် မျိုးစေ့ထုတ်ခြင်း၊ အထွက်တိုး စိုက်နည်းစနစ် တောင်သူနည်းပညာပေး သင်တန်းဖွင့်ခြင်းကို မေ ၁၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးစီးဌာန၌ ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုင်းအောင်ကြည်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် တာဝန်ရှိသူတို့က နေကြာမျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား တစ်ဧက ဆင်းရွှေကြာ-၂၊ မျိုးစေ့တစ်အိတ်နှုန်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည့် မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်နည်းစနစ်၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစုထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ စနစ်တကျ ရိတ်သိမ်း ခြွေလှေ့ခြင်းတို့ကို ဆွေးနွေးပို့ချကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကျွန်းလှမြို့နယ်၊ ရှမ်းစု၊ မကျီးအင်းနှင့် ကြတကန်ကျေးရွာတို့မှ တောင်သူ (၄၅) ဦးတက်ရောက်ကြပြီး၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ