ပေါက်ခေါင်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့ပေါ် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးကြိုကာလသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များအလွယ်တကူ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ရေစည်၊ ရေပုံးများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်များပေါက်ဖွားမှုမရှိစေရေးအတွက် အိမ်တိုင်းတွင်ထားရှိသော ဘုရားပန်းအိုးများ၊ မိုးရေများ တင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဗူးခွံများတွင် ရေများတာရှည်စွာ မထားနိုင်ရေး ဆောင်ရွက်ပေးကြပါရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်