ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းရွာသစ် မေ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော "ကံဆိုသည်မှာစေတနာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည် လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်း လေးတစ်အုပ်ဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ (Book Club) အဖွဲ့ဝင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အကျဉ်းချုပ် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး (ပြန်/ဆက်)