သရက် မေ ၁၃
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းမှတ်တမ်း ပုံစံ နိုင်-၄ မှတ်တမ်းအချက်အလက်များအား e-ID စနစ်ဖြင့် Software အတွင်း ထည့်သွင်းခြင်းလုပ်ငန်းများ ပြီးစီးမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၁နာရီက လုပ်ငန်းများဆောင်ရွက်နေသည် သရက်မြို့ ဘိလပ်မြေစက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ စာရင်းပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချက်အလက်များ မှန်ကန်ပြည့်စုံစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် နိုင်-၄ ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များအား တိကျမှန်ကန်မှုရှိစေရန် e-ID စနစ်ဖြင့် Server အတွင်း သိမ်းဆည်းခြင်းလုပ်ငန်းများ e-ID Software အသုံးပြု၍ စိစစ်ပြင်ဆင်ခြင်း၊ စာရင်းရေးသွင်းခြင်းများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လဝကဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဇွန်လကုန်အထိ ရက်ပေါင်း (၆၀) အတွင်း အပြီးဆောင်ရွက်သွားရမည်ဖြစ်၍ စနစ်တကျ စာရင်းပြုစုရေးသွင်းကြရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)