ပန်းတောင်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက စာပေကို ချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဦးသူရိန်ဇော် က စာရေးဆရာ ချစ်စံဝင်း၏ မွေးမြူရမည့်သတ္တိ စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ယခုလို စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လစဉ်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
သင်းသင်းအေး