နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

နတ်တလင်း မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့က  ပွတ်စု၊‌‌ ရွှေကြာပင်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စိုက်ပျိုး‌ရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်‌ ရေအသုံးချမှုဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများအနေဖြင့် နွေစပါးလျာထားချက်ကို ပြည့်မီကျော်လွန်အောင်စိုက်ပျိုးရေး၊ ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးချဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ကြိုးစားဆောင်ရွက်စေရေး၊ လျှပ်စစ်မီးရရှိ‌ရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆွေးနွေးမေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နတ်တလင်းမြို့နယ်အနေဖြင့် ကျေးရွာ (၁၆) ရွာအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အလားတူကျန်ရှိနေသည့် ကျေးရွာအုပ်စု များသို့လည်း ကွင်းဆင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချနိုင်ရေးတို့ကို ဆက်လက်ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)