ရှမ်းရွာသစ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပရေးအတွက် မြို့အဝင်ပန်းခြံ ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်

ရှမ်းရွာသစ်   မေ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့အဝင်ပန်းခြံခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ထိုသို့ မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေကျပ် (၂၆၇၈၀၀၀၀)ဖြင့် (၅၃၆)ပေအရှည်ရှိ မြို့အဝင်ပန်းခြံခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းကို   သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရှိကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)